| အကြောင်းအရာ |
 |
| | |
 |
| တူရာတူရာအစုများ |
 |
| | |
 |
| အိမ်ထဲမှာ |
 |
|
ယောက်စာဖတ်နေပါတယ် | |
 |
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
|
 |  |  |
| Main » 2009 » July » 25 » မွန်းလိုက် စိုနာတာ
မွန်းလိုက် စိုနာတာ | 11:46 AM |
သန်းခေါင်ကျော်သွားပြီဖြစ်သဖြင့် ညဥ့်ကားမနက်တော့ပြီ။ လမင်းသည်ကျယ်ပြောလှသော ကောင်းကင်အတွင်းအခြွေအရံကြယ်များနှင့် သာချင်တိုင်းသာပြီး ညအလှကိုဖော်ဆောင်နေလေသည်။ လေညင်းသည် ပင်လယ်ပြင်မှ ရန်ကုန်မြစ်ရေပြင်ပေါ်သို့ အေးဆေးညင်သာစွာဖြတ်သန်းလာရာလမ်းကြောင်းတစ်လျှောက် အေးမြခြင်းကိုသယ်ဆောင်လာကာ ကုန်းတွင်းပိုင်းသို့ တိတ်တဆိတ်ဝင်ရောက်လျက်ရှိသည်။ ကမ်းနားလမ်းတစ်လျှောက် မာကျူရီမီးလုံးများ လင်းထိန်လျက်ရှိလေသည်။ သို့သော်အုပ်စုဖွဲ့နေတတ်သော ခွေးလေခွေးလွင့်များမှတပါး အခြားသက်မဲ့အရာဝတ္ထုများ ငြိမ်သက်လျက်ရှိသည်။ ညငှက်များ၏ အတောင်ပံခတ်သံကိုပင်ကြားရလေသည်။ မီးအလင်းရောင်ကင်းမဲ့နေချိန်ဖြစ်သော မြို့ ပြညများ၏ တိုက်ခန်းများအနက် မီးအလင်းရောင်ပြပြလင်းနေသော တိုက်ခန်းတစ်ခု၌ ဘီသိုဗန်၏ (မွန်းလိုက် စိုနာတာ) ဟုခေါ်သော ဂန္တ၀င်စန္ဒယားဂီတကို တိုးညှင်းစွာထပ်ဖန်ရိုက်၍ ဖွင့်ထားသဖြင့်ထိုအခန်းငယ်အတွင်းသံစဉ်များဖုံးလွှမ်းနေလေသည်။ ထိုည၏ တိတ်ဆိတ်မှု ကိုချိုးဖောက်၍ထွက်လာသောထိုသံစဉ်များနှင့်လမင်း၏ကမ္ဘာလောကတစ်ခုလုံးပေါ်သို့ပတ်လောင်းထားသောအလင်းရောင်ကို အပြည့်အ၀ခံစားရင်း မနက်ဖြန်နေရောင်ခြည် ကိုစောင့်မျှော်နေသော သူတစ်ယောက်တော့ လေသာဆောင်၌ထိုင်နေရင်းအိပ်မပျော်နိုင်ဖြစ်နေလေသည်။ သို့သော်ထိုသူ၏မျက်နှာတွင် အပြုံးရိပ်တစ်ချို့ မကြာခဏ ဖြတ်သန်းလျက်ရှိနေသည်။လရောင်၏ရောင်ပြန်ဟတ်မှုကြောင့်လား၊ မျက်ရည်စများကြောင့်လားတော့ မသိနိုင်သော်လည်း မျက်လုံးများအတွင်း၌ မှန်ကွဲစများကို မီးရောင် ထိုးထားသလိုရှိနေလေသည်။ ထိုမျက်လုံးအစုံမှာ လှုပ်ရှားမှုမရှိသော မျက်နှာချင်းဆိုင်တိုက်ခန်းများ၏အပေါ်သို့ကျော်ကာ ကျယ်ပြောလှသော ကောင်းကင်ပေါ်သို့ လှုပ်ရှားမှုကင်းမဲ့စွာ အချိန်အတော်ကြာမြင့်သည့်တိုင်အောင် စူးစိုက်ကြည့်နေလေသည်။ ထိုသူ၏ရင်မှ ဖြစ်ပေါ်နေသော ခံစားချက်တချို့ ကို ကျယ်ပြောလှသော ကောင်းကင်မျက်နှာစာတွင်အစီအစဉ်တကျဖြန့်ကြဲထားပုံရသည်။ တစ်နည်းအားဖြင့် သူ၏စိတ်တံခါးမျက်လုံးအစုံမှာ လွန်ခဲ့သောနှစ်အနည်းငယ်မှ အမှတ်တရပုံရိပ် များကို ငြိမ်သက်စွာပုံဖော်နေခြင်းဖြစ်သည်။ လက်ညိုးနှင့် လက်ခလယ်ကြားမှ တစ်ဝက်မျှကျန်သောဆေးလိပ်တိုမှာ မီးစွဲလျက်ရှိနေပြီး သူ့အနီးတွင် ငွေမှင်ရောင်သန်းနေသော ပြာစများအတွင်း၌ သက်တမ်းကုန်ဆုံးသွားသော ဆေးလိပ်တိုများအစီအစဉ်မဲ့လဲလျောင်းလျက်ရှိနေသည်။ ထိုသူ၏ ခန္ဓာမှာ လေသာဆောင်အတွင်း၌ ရှိနေသော်လည်း၊ သူ၏စိတ်တို့သည် ကန္တာရအတွင်းတွင် ခရီးသွားနေသည့်ပမာ မနက်နေရောင်ခြည်ကို အိုအေစစ်အလားတောင်းတနေလေသည်။ အေးမြသောလေညင်း၊ စောင်းဘောက်စ် မှတိုးညှင်းစွာထွက်ပေါ်နေသာဂန္တ၀င်ဂီတသံနှင့် အတွေးစိတ်ကူးများအတွင်းမျောလွင့်သွားသော ထိုသူသည်လေသာဆောင်ပြတင်းတံခါးနံရံကိုမှီလျက် ထိုင်ရင်းအိပ်ပျော် သွားချိန်ကိုပင်မသိရှိလိုက်ပေ။
***************** နားအတွင်းသို့ ဆူညံစွာဝင်ရောက်လာသော ကားသံများ၊ ဈေးသည်တို့၏အသံများ၊ လမ်းသွားလမ်းလာများ၏အသံတို့ကြောင့် ထိုသူ၏မျက်လုံးအစုံသည် ဖြေးညှင်းစွာပွင့်ဟ လာလေသည်။ စူးရှသော နေရောင်ခြည်ကြောင့် မျက်လုံးအစုံသည်ရုတ်တရက် ပြန်လည်ပိတ်သွားပြီးမှ ပြန်လည်ဖွင့်ဟရန်ကြိုးစားနေသော မျက်ခွံအစုံအတွင်း၌ မျက်သားများသည် ယက္ကန်းစင် မှလွန်းသဖွယ်ဘယ်ညာကူးသန်းလျက်ရှိပြီးနောက်၊ မျက်ခွံတို့သည် ပြဇာတ်ကန့်လန့်ကာ ဖွင့်သည့်အလား ဖြေးညှင်းစွာ မြောက်တက် ပွင့်ဟသွားသည်။ မနက်မိုးလင်းလေပြီ။ တိတ်ဆိတ်ခြင်းတို့ကို နေရောင်ခြည်ကဖြိုခွင်းပြီးဖြစ်သည်။ ညက ဖွင့်ထားသော (မွန်းလိုက်စိုနာတာ) မှာ စောင်းဘောက်စ် မှနေ၍ တိုးတိုးလေး ညည်းနေမြဲဖြစ်လေသည်။ နှစ်ချီ၍စောင့်ခဲ့ရသော နေ့တစ်နေ့၏ နိဒါန်းဖြစ်သောကြောင့် လှုပ်ရှားနေသောအရာအားလုံးသည် အဓိပ္ပါယ်ပြည့်ဝနေသလို ဖြစ်နေသည်။ ယုတ်စွဆုံး ရှုသွင်းလိုက်သောလေများသည်ပင်လျှင် လတ်ဆတ်နေသလိုခံစားနေရသည်။ မနေ့က ညနေစောင်းတွင် သူမဆီမှ ပို့လိုက်သော လျှပ်စစ်ကြေးနန်းစာတစ်စောင် အကြောင်းပြန်စဉ်းစားနေသည်။ စာ၌ပါရှိသော စကားလုံးများအရ ဒီနေ့သည်ကား သူမနှင့်တွေ့ရမည့်နေ့ဖြစ်လေသည်။ သူမသည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ဌာနေမှ အဝေးဆုံးသို့ထွက်ခွါသွားခဲ့သည်။ ဘယ်အချိန်တွင် သူမသည် နေရပ်သို့ပြန်လာခဲ့သည်ကိုပင် သူမသိရှိခဲ့ရပါ။ မည်သို့ပင်ဖြစ်စေ..သူသည် သူမနှင့်ပြန်လည်တွေ့ဆုံရမည်ကိုပင် ပြောမပြနိုင်လောက်အောင် ၀မ်းသာပီတီများ လွှမ်းမိုးခြင်းခံနေရသည်။ တွေ့ရမည့်အချိန်မှာ ညနေ ၄နာရီခွဲဖြစ်လေသည်။ တွေ့ရမည့် နေရာမှာ သူနှင့်သူမ ပထမဦးဆုံး တစ်ဦးနှင့်တစ်ဦး စတင်တွေ့ခဲ့သည့်နေရာဖြစ်သည်။ သူသည် မေ့မေ့လျော့လျော့ရှိထားသော အတော်အသင့်ရှည်လျားနေသည့် သူ၏လက်သည်း၊ ခြေသည်းများကို ညှပ်သည်။ ထိုးထိုးထောင်ထောင်မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများကိုရိတ်သည်။ှမှန်ရှေ့ တွင်အချိန်အတော်အတန်ကြာမြင့်သည်အထိ သူ့ကိုယ်သူ စေ့စပ်သေချာစွာရပ်ကြည့်နေမိသည်။ ထို့နောက်ကုတင်ပေါ်တွင် တစ်နေကုန်နီးပါး ငြိမ်သက်စွာ သူမအကြောင်းစဉ်းစားနေမိသဖြင့် မနက်စာလွတ်ခဲ့ရလေသည်။ နေ့လည်စာ စားရန်မှာလည်းမွန်းလွဲ ၂ နာရီခွဲ ရှိနေပြီဖြစ်သဖြင့် နောက်ကျနေသည်။ သူ၏စိတ်များ ဆောက်တည်ရာမရတော့သဖြင့် သူမနှင့်တွေ့ရန် စတင်ပြင်ဆင်လေသည်။ ရှေးဦးစွာ သွားတိုက်၊မျက်နှာသစ် ခြင်းတို့ကိုကြာသင့်သည်ထက်ကြာလွန်းစွာပြုပြီး ရေချိုးသည်။သူသည် ရေးချိုးပြီးနောက် အသုံးပြုမခံရခြင်းကြာရှည်၍ ဖုန်အနည်းငယ်တက်နေသော ခေါင်းလိမ်းဆီပုလင်းကို ယူပြီးဖီးလိမ်းခြင်းကိုပြုသည်။ ဗီရိုထဲမှ အ၀တ်အထည်များ ကိုဝတ်လိုက်ချွတ်လိုက် ဖန်တလဲလဲ လုပ်နေမိသည်။ ရေမွှေးအနည်းငယ်စွတ်သည်။ မှန်ရှေ့ တွင် အတန်ကြာအောင်တီးတိုးစကားအချို့ ကိုပြုံးလိုက်မဲ့လိုက် ရေရွတ် နေမိသည်။ နာရီကိုကြည့်လိုက်သောအခါ သုံးနာရီ ဆယ့်ငါးမိနစ်။ တွေ့ဆုံရမည့်အချိန်မှာ စောလွန်းနေသေးသော်လည်း သူသည်အိမ်မှ သူမနှင့်ချိန်းထားသောနေရာသို့ စတင်ထွက်ခွါလာခဲ့သည်။******************
ရာသီဥတုသာယာလွန်းသဖြင့် လှပသောနေ့တစ်နေ့ဖြစ်သည်။ လူများ၊ ကားများ၊ စက်ဘီးများ နှင့်အလုပ်များနေသော လမ်းမကြီးအတိုင်းသူလျှောက်လာခဲ့သည်မှာ လွန်ခဲ့သော ၂နှစ်ခန့်က သူမနှင့်တွေ့ခဲ့သောနေရာ(သို့မဟုတ်) ဒီနေ့သူမနှင့်တွေ့ရမည့်နေရာ ကိုရောက်ခဲ့လေသည်။ ထိုနေရာတွင် လူတချို့ ရပ်နေကြသည်။ တချို့ မှာထွက်ခွါသွားကြသည်။ တချို့ မှာ တစ်ခုခုကိုစောင့်မျှော်နေကြသည်။ သူလည်းအခြားသူများနည်းတူ တစ်ခုခုကိုစောင့်မျှော်နေရသည်မဟုတ်ပါလား။ ထိုနေရာသည် အခြားမဟုတ် ဘက်စ်ကားမှတ်တိုင်ဖြစ်သည်။ မှတ်တိုင်တစ်ခုမှ တစ်ခုသို့ပြေးလွှားနေသောဘက်စ်ကားများသည် ထိုမှတ်တိုင်တွင် လည်းအခြားမှတ်တိုင်များ နည်းတူ ခေတ္တရပ် ကြရလေသည်။ ခရီးသည်တချို့ ဆင်း၍တချို့ ကားပေါ်တက်ကြသည်။ ထိုမြင်ကွင်းများကို သူသည်ငြိမ်သက်စွာရပ်ကြည့်ငေးမောနေမိသည်။ အတွေးတစ်ခု ၀င်လာသည်။ "တွေ့ဆုံခြင်းနဲ့ ခွဲခွါခြင်းကာလ ဟာခဏတာလေးပါလား..."။ အချိန်မှာညနေ ၄နာရီခွဲတိတိပြည့်ခဲ့လေပြီ။ သူမ ပေါ်မလာသေး။ သူ စောင့်မြဲ စောင့်နေသော်လည်း ဆောက်တည်ရာမရဖြစ်နေသည်။ မှတ်တိုင်အတွင်းတစ်လှမ်းပြီး တစ်လှမ်းစည်းချက်ကျကျ လှည့်ပတ်လျှောက်လှမ်းနေသည်။ သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးခေါင်းကိုခဏတာငိုက်စိုက်ချထားသည်။ ကားတစ်စီးဝင်ရောက်လာသည်။ ခရီးသည်တချို့ ကားပေါ်မှဆင်းလာကြသည်။ သူခေါင်းပြန်မော့လိုက်သောအခါ ကားပေါ်မှဆင်းလာသောခရီးသည်များထဲမှ နောက်ဆုံးဆင်းလာသောခရီးသည်တစ်ယောက်ကို မျက်တောင်မခတ်၊ အသက်မရှုဘဲ ၅စက္ကန့်နီးပါးစိုက်ကြည့်နေမိသည်။ နောက်ဆုံးဆင်းလာသောခရီးသည်မှာသူ လပေါင်းများစွာ နှစ်နှင့်ချီအောင် အောက်မေ့သတိရနေသော သူမဖြစ်လေသည်။ သူမသည် ရှည်လျားပြီး ပျော့ပျောင်းသော ဆံနွယ်များကို စုစည်းထားကာကျောပြင်ပေါ်သို့ချထားသည်။ မျက်နှာပေါ်တွင်မိတ်ကပ်၊ သနပ်ခါး၊ နှုတ်ခမ်းဆိုးဆီ စသည့်လိမ်းချယ်စရာများ နိတ္ထိဖြစ်နေသော်လည်း ဖြူစင်ဝင်းပသောအသားအရေ နှင့် ပါးလွှာနီမြန်းသောနှုတ်ခမ်းတစ်စုံကြောင့် ရှင်းသန့်နေပြီး ညနေစောင်းနေ၏အလင်းရောင်အတွင်း ပင်ကိုယ် ရိုးရှင်းလှသော အလှသည်ပေါ်လွင်နေပါသည်။ သူမသည် လွန်ခဲ့သော၂နှစ်ခန့်ကအတိုင်းအနည်းငယ်မျှမပြောင်းလဲပါ။ သူမသည်ကားပေါ်မှ ဆင်းပြီးသောအခါ တည်ငြိမ် သော မျက်လုံး များကို ဘယ်၊ညာ ၄၅ဒီဂရီခန့်လှည့်ပတ်ကြည့်ပြီး တစ်စုံတစ်ယောက်ကိုရှာနေဟန်ရှိသည်။ မကြာသောကာလတိုတိုလေးအတွင်းမှာဘဲ သူ့ကို သူမ တွေ့သည်။ သူမသည် သူ့အားအပြုံးလေးတစ်ချက်ပေးလိုက်သည်။ သူမ၏အပြစ်ကင်းသောအပြုံးလေးများကို နှစ်ချီအောင်ငတ်မွတ်နေသော သူ၏မျက်ရည်စများဝဲနေသည့် မျက်လုံးများ ကလက်ခံ သိမ်းယူထားလိုက်သည်။
*****************
ထို့နောက်တစ်ချိန်ကအတူထိုင်ခဲ့သောအအေးဆိုင်လေးရှိရာသို့ နှစ်ဦးစလုံး၏ခြေထောက်များဦးတည်လျှောက်လှမ်းခဲ့ကြသည်။ လမ်းတလျှောက်တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားဖောင်တစ်ခု ဖွဲ့ခဲ့ကြသည်။ နှစ်ယောက်လုံး၏အပြန်အလှန်အကြည့်များမှာ တစ်ဦးနှင့်တစ်ဦးရင်းနှီးခြင်း၊ ပျော်ရွှင်ခြင်း၊တန်ဖိုးထားခြင်း၊ လွမ်းဆွတ်ခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း၊ မျိုသိပ်ခြင်း... စသည်စသည်ဖြင့် အဓိပ္ပါယ်များစွာနှင့်ပြည့်နှက်နေတော့သည်။ အအေးဆိုင်သို့ရောက်သောအခါ သူနှင့်သူမတို့သည် အတိတ်၊ပစ္စုပ္ပန်နှင့် အနာဂတ်ဟူသော ကာလသုံးခုနှင့်ပတ်သက်နေရသည့်အကြောင်းများကိုတစ်ယောက်တလှည့်ပြောကြသည်။ အချို့ သောစကားများကို မျက်လုံးများဖြင့် အပြန်အလှန်ပြောကြသည်။ အချိန်တစ်နာရီကျော်ကျော်ကြာမြင့်အောင် စကားများအပြန်အလှန်ပြောဆိုပြီး နှုတ်ဆက်စကားပြောကာ အပြုံးလှလှတစ်ခု ထားခဲ့၍ သူမပြန် လည်ထွက်ခွါသွားလေသည်။ ဆိုင်အတွင်းမှသူမ ဖြေးညှင်းစွာထွက်သွားသည်ကိုသူသည် လှုပ်ရှားမှုကင်းစွာငေးမောကြည့်နေမိသည်။ သူမသည် သက်ရှိသက်မဲ့ အရာဝတ္ထုများအကြား တဖြေးဖြေးပျောက်ကွယ်သွားခဲ့သည်။ အနီ၊အ၀ါ၊လိမ္မော်၊အဖြူ စသည့်အရောင်များရောနှောထားသော တိမ်တောက်ခြင်းများ ဖြစ်ပေါ် ပြီးနောက် နေ့တာသည်လည်း သက်တမ်းကုန်ဆုံးချိန်သို့ကျရောက်လာကာ နိဂုံးချုပ်ခဲ့လေသည်။ ထိုအချိန်မှစ၍ ဆိုင်အတွင်း၌ကျန်ခဲ့သော သူသည် (မွန်းလိုက် စိုနာတာ) ကို ဘယ်တော့မှနောက်ထပ်တစ်ကြိမ်ထပ်မံခံစားနားဆင်ခွင့်မရှိတော့ပါ။
မှတ်ချက်--ဒါဟာ ကျွန်တော့် ပထမဆုံးဝတ္ထုတိုဖြစ်ပါတယ်။
|
|
Category: ၀တ္ထုတို |
Views: 133 |
Added by: NAYMYOHTET
| Rating: 0.0/0 | |
| |
 |  |  |
|
| ရှာရန် |
 |
| | |
 |
| ရေးပြီးတာလေးတွေ |
 |
| | |
 |
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)

ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
|