Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [32]
ဝတ္ထုတို [0]
ဓါတ်ပုံမှတ်တမ်း [0]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
ရင်ခုန်နေတဲ့စက်ရုပ်

စက်ရုပ်တစ်ရုပ်ဟာ ကလေးငယ်တစ်ယောက်ဖြစ်ချင်နေတယ်တဲ့လေ...
ရိတ်သိမ်းစအ၀ါရောင် လယ်ကွင်းထဲမှာထိန်းချုပ်မှု ပြင်ပရောက်ချင်နေတယ်...။ လေနုအေးရဲ့  အရသာကိုမြည်းကြည့်ချင်နေရှာတုန်း လေရူးတွေတစ်လှေကြီး
ရန်ရှာသလို...ဟောက်သလို...စားသလို...ကျော်သလို...ခွသလို...ရောက်လာခဲ့ပေါ့။ အားနည်းနေတဲ့စက်ရုပ်ဟာ မနက်အစောကြီးထခဲ့ရလို့ အိပ်ရေးတော့သိပ်မ၀ဘူး...။
ဘက်စ်ကားပေါ်ရောက်တော့ ကဗျာတစ်ပုဒ်ရေးဖို့ 'ဝေနေယျ' စက်ရုပ်တွေရဲ့  မျက်လုံးတွေကိုလိုက်ဖတ်ကြည့်နေတယ်။
အပြုံးတစ်ခုရဲ့   အလုပ်ပြီးမြောက်မှုအတိုင်းအတာဘယ်လောက်ရှိလဲ? (မိုနာလီဇာ ကိုမေးကြည့်ပါ)
အပြုံးရဲ့  တည်နေရာကိုမသိသေးပေမယ့် ရယ်မောခြင်းရဲ့  ခါးသက်မှုတချို့  ကိုတော့သိခဲ့ပြီးလို့
ပြည်တည်နေတဲ့ အတွေ့အကြုံကိုထုတ်နဲ့ထိုးချင်သူတွေ...
ကြမ်းပိုးကိုလိပ်ဖြစ်အောင် ဋိကာချဲ့  တဲ့သူတွေ...
"လာကြ...လာကြ" ရယ်လို့စိန်ခေါ်ချင်စိတ်တွေက တဖွားဖွားနဲ့။

၃ မိနစ်တောင်စောင့်စရာမလိုဘူး
လူတစ်ယောက်ကို 'အညတရ' ဘွဲ့အပ်နှင်းလိုက်ပြန်ပြီ...။
'စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့အက်တမ်ဗုံးတစ်လုံးအားဖြင့်'
အဲဒီဗုံး-- သူတောင်းစားမှာတောင်ရှိတယ်။
အဆင်းကို ဘီးတပ်ခြင်းခံလိုက်ရတဲ့ ဘ၀တစ်ခုဟာ
ခင်ဗျားတို့သောက်နေကျ နိုင်ငံကူးလက်မှတ်တံဆိပ် တော့မဟုတ်ဘူးရယ်နော်...။

သစ်ရွက်တစ်ရွက်ကြွေသွားတာကိုစိတ်မကောင်းဖြစ်နေမလား...
တစ်ရွက်နုဖြစ်တည်မှုအသစ်ကိုစိတ်ကူးယဉ်နေရမလား...
စောင့်နေရမလား...ဆိုင်းနေရမလား...မသိနိုင်သေးပါ။
ဒါ... 'မျှော်လင့်ခြင်း' တဲ့...၊ 'စိတ်ကူး' တဲ့...၊ 'အိပ်မက်' တဲ့လေ...။
ပြုံးလိုက်...ခေါင်းညိတ်လိုက်..လုပ်ဖန်များလားတော့ နည်းနည်းလေးပျက်ယွင်းစပြုနေပြီ။

"ဟလို...ဟလို...စက်ရုပ်ဟာအမိန့်ကိုစောင့်စားနေပါတယ်..."
ရွေးချယ်ခြင်းဆိုတာ အခက်ဆုံးမှန်ကန်ခြင်း..! ကောင်းခြင်း၊ ဆိုးခြင်းမရှိရင် ရွေးချယ်ခြင်းမရှိနိုင်သလို..၊ ဒွိလောကအတွက်ဒီစာကြောင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။
"ဟလို...စက်ရုပ်...ကြားလား...ဘေးမတွေ့အောင်လို့ ဘေးတွေမကြည့်မိအောင်ထိန်းပါ...
---ခရီးဟာနည်းနည်းဝေးတယ်...ကန့်လန့်ဖြတ်တဲ့လမ်းတွေသိပ်များနေတယ်...
တည့်တည့်လျှောက်ပါ..စမ်းတ၀ါးဝါးမဖြစ်စေနဲ့...
အထူးသတိပေးချက်--ဖြတ်လမ်းမလိုက်မိအောင်ဆင်ခြင်ပါ..!
---ရှေ့  ကိုက်(၁၀၀) မှာရန်လိုခြင်း၊ လှောင်ပြောင်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ကဲ့ရဲ့ခြင်းတွေကအသင့်အနေအထားနဲ့စောင့်နေကြတယ်..
တွေ့ရင်ပြုံးပြပြီးနှုတ်ဆက်ခဲ့ပါ...။
အထူးသတိပေးချက်-- ပါးစပ်ဖျားတိုင်းမှာလမ်းမဆုံးအောင်သတိထားပါ..!
---လမ်းကအကွေ့အကောက်များမယ်...နဲနဲလည်းကြမ်းမယ်...မောရင်ဖြေးဖြေးလျှောက်...နားသင့်ရင်ခဏနား...
အထူးသတိပေးချက်--ရပ်မနေမိအောင်သက်လုံကောင်းဖို့လိုမယ်..'အစွန်း' တွေရှိရင်ချွတ်ထားပါ...! "

"တစ်ခုခုတော့လုပ်လိုက်ပြီ
တစ်ခုမှဖြစ်မလာသေးလို့
တစ်ခုခုဖြစ်ပြီ
တစ်ခုခုလုပ်လိုက်လို့ "
(ပြန်လည်သတင်းပေးပို့ချက်များ)
'ဖန်ဆင်းရှင်' မဖြစ်နိုင်ပေမယ့် 'ဖန်တီးရှင်' ဆိုတာမျှော်လင့်ခြင်းအထူးအခွင့်အရေး!
သမုတိနယ်မြေအကြောင်း စက်ရုပ်ရဲ့ မြူမှုန်အသိတွေနဲ့ယှဉ်ယှဉ်ပြောနေလည်း...ဘယ်ပေတံနဲ့တိုင်းခဲ့လဲမသိ
ပြန်မေးကြည့်...ပြန်တွေးကြည့်...တွေးပြီးမှမေးကြည့်...
နားစွန်နားဖျားကြားမိခြင်း---"ဆင်တွေဖမ်းမယ်...ကျားတွေဖမ်းမယ်..."
အဲဒီတော့အမှောင်ကမ္ဘာငယ်မှာ ပုတုဇဉ်စက်ရုပ်ဟာမနက်ဖြန်မနက်စောစောအတွက် လုပ်ငန်းစဉ်ဇယားဆွဲရင်း ရင်တွေခုန်နေရပြန်တယ်...။

< ... ဆက်ဖတ်ရန် »
Category: ကဗျာ | Views: 996 | Added by: NAYMYOHTET | Date: 2009-11-21 | Comments (4)


နိုဝင်ဘာမိုးစက်များ
(1992)
မိုးတွေချိန်းပြီ
မြေပေါ်ကလျှပ်စီးကြောင်းတွေ
ဆက်တိုက်..ဆက်တိုက်
နှင်းဆီခြံထဲပစ်ခတ်ခဲ့...။

ညင်သာတဲ့ နိဒါန်း
နှလုံးသားတစ်ခုလုံးကို လွှမ်းမိုးချိန်
သူတစ်ချက် ရိုက်လိုက်တိုင်း
ဖျန်းကနဲ ကြက်သီးမွှေးညှင်းတို့ထကြွ၊
သွေးကြောထဲထိ စီးဆင်းခဲ့၊
ငါ့ မျက်ရည် စက်ကြီးလည်ပတ်ရပြီ
လောကဓံရဲ့  ရိုက်ချက်ခပ်ပြင်းပြင်းတွေ...။

အဖြူအမဲရောယှက် မူလတွေနဲ့
စီးဂရက်အခိုးအငွေ့ကြားက
ခြောက်ကြိုးရဲ့   မိုးတိမ်သူရဲကောင်း
သင့်အားဖြင့် မျက်ရည်မိုးတွေ
ရွာစေခဲ့ပြီ...
အို..ဘယ်ဘ၀ကယူထားတဲ့
ပါရမီတွေလဲ??

သွေးလည်ပတ်မှု ခဏတာမြန်ဆန်ချိန်
ကျွနိုပ်အား...အမြင့်ဆုံးလှုံ့  ဆော်မှုဆီခေါ်ဆောင်လှည့်ပါ
သက်မဲ့သုခုမဘုရင်နဲ့ မင်းညီမင်းသားများ...
ကောင်းကင်ယံသို့ တဟုန်ထိုး
တိုးရင်း..ဆန်ရင်း...မျောရင်း။

မရောက်ခင်က ပြန်သွားတဲ့
ရမ္မက်တွေ...
အထုပ်တွေအပိုးတွေနဲ့ လက်ဆောင်ပဏ္ဏာ။

ကွဲရှရှ ဆွဲဆောင်ခြင်းနှင်းဆီတစ်ပွင့်
ရနံ့သင်းသင်း
ရှိုက်သံပြင်းပြင်း
အဖြူရောင်ကြိုးတံတားပေါ်ပြေးလွှားနေတဲ့လက်
ဥပဒေသများအားဖြင့်ဖန်တီး၊
ပေါင်းဖက်...သင့်မိုးရေစက်များဖြင့်ငြိမ်းချမ်းပါစေတော့...။

အခုအချိန်ဆိုကြည့်လိုက်
(သေနတ်တွေနဲ့ နှင်းဆီပွင့်တွေအကြောင်း)
ဖြူဖွေးဖွေး အဆောက်အဦထဲကနှမငယ်...
မိုးရေထဲမှာ နှင်းဆီတစ်ပွင့်နဲ့သံဝေဂ၊
အနက်ရှိုင်းဆုံးသော ရမ္မက်တည်မှီရာ၊
အော်...ရှိတ်စပီးယားတစ်ယောက်...အသေစောခဲ့လို့သာ။    ။




Category: ကဗျာ | Views: 912 | Added by: NAYMYOHTET | Date: 2009-11-13 | Comments (2)


အမှောင်ဝင်ခြင်း


ဝင်ရိုးစွန်းရဲ့   ကြယ်ဝေတဲ့ညတစ်ခု...
လောင်းရိပ်အောက်က ထွက်ပြေးလာတုန်း
မူးသင့်သလောက်မူးနေရဲ့  ။

အရာခပ်သိမ်း
အေးတိအေးစက်ဖြစ်နေချိန်
အပြုံးတစ်ခု အသက်မ၀င်နိုင်လေတော့
မျက်လုံးတွေက မီးနီတွေပြနေတယ်။

ဒီမှာလေ...ခင်ဗျားတို့မမြင်နိုင်တဲ့
ကျဉ်းထဲကြပ်ထဲက ကိုယ်ပိုင်အတွေးတချို့ 
ဖွင့်ပြမလို့ကြံတုန်း
အများပိုင်ပညတ်တွေပေါ့...
စကားလုံးတွေကိုဝါးမျို၊
ကျုပ် လည်မျိုကိုဖြတ်သန်းလာတုန်းမှာပဲ
ပညတ်ရွေးရင်းနဲ့
အရှိန်လျော့၊ ပျက်ပြယ်ခဲ့ရတယ်...။

မနွေးထွေးစေနိုင်တဲ့
ဓါတ်မီးတိုင်အလင်းရောင်တွေ
အတ္တခန္ဓာကို စွန့်ခွါကြပြီး၊
ကိုယ်ပိုင်အရိပ်ကိုရက်ရက်စက်စက်
အပိုင်သိမ်းခဲ့တယ်။

စုတ်ဖွာတဲ့ဂျင်းပန်ကို
အရိုးခွဲမဲ့လေညှင်းက အနိုင်ယူပြီး
လက်ထဲက ဆေးလိပ်တိုကို
လုသောက်လိုက်ခြင်း...။
(26th Oct)

ဘိုလီဗာ့ဒ် တလျှောက်
မာနတစ်ခု ပျောက်ကျားတိုက်ခိုက်ခံရတုန်း
အလင်းပျောက်...အမှောင်ထုကို
ရင်ချင်းအက် ပခုံးချင်းဖက်
ပြီးတော့ ရှေ့  တည့်တည့်ကနေပြောလိုက်တယ်
(ငါ့အရိပ် ပြန်ပေးတော့..)

ခေါင်းတစ်ခုလုံးရှုပ်ထွေး
ဟိုနဲနဲ ဒီနဲနဲ ဖျက်ကနဲ ဖျက်ကနဲ
အတွေးစတွေ ၀ိုင်းနှိပ်စက်စဉ်
အမှိုက်ပုံးတစ်ခု အမှိုက်တွေအပြည့်နဲ့။

ဒီလိုနဲ့
တလောကလုံး ရက်စက်ချိန်မှာ
ကျုပ်...ဒီကြေးစားမြို့  တော်ကနေ
မှန်တစ်ချပ်ကို ခဲနဲ့ပစ်ပေါက်၊
တစ်ကိုယ်တော် စမ်းတ၀ါးဝါး
လမ်းလျှောက်ထွက်ခဲ့တယ်။




Category: ကဗျာ | Views: 889 | Added by: NAYMYOHTET | Date: 2009-11-12 | Comments (1)



ဆေးပေါင်းခစေ...
အစိမ်းရောင်လွင်ပြင်တစ်ခုအပေါ်
အဖြူရောင်မြစ်တစ်စင်းဖြတ်သန်းစီးဆင်းသွားစဉ်
ကြေမွလွယ်သောအစိုင်အခဲများ၊
မြူမှုန်၊ မြူခဲအပိုင်းအစအနတို့နဲ့အတူ
အစီအစဉ်မဲ့၊ စနစ်တကျမရှိစွာနဲ့ပြန့်ကျဲနေခိုက်
လွင်ပြင်တစ်ခုလုံးကို ခေါက်ချိုး...
နှစ်ချိုး....လေးချိုး....
လွင်ပြင်တစ်ခုလုံး ဆေးပေါင်းခစေ...။



Category: ကဗျာ | Views: 898 | Added by: NAYMYOHTET | Date: 2009-11-01 | Comments (2)

ကာလ
သူမ၏ စကားသံများကိုတိုက်ရိုက်ကြားနေရချိန်မှစ၍
သီချင်းများကို 'နား' ဖြင့်နားထောင်နေခဲ့သော်လည်း
သူမ၏ ကြာဖူးကြာငုံကဲ့သို့သောနှုတ်ဖျားမှထွက်ပေါ်လာသော
စကားသံများကိုမကြားရတော့သည့်ယခုအချိန်အထိ
သီချင်းများကို 'ရင်ဘက်' ဖြင့်ဆက်လက်နားထောင်နေခဲ့ရာ
သူမ၏စကားသံများသည် ရင်ခုန်သံများမတိုင်မီဖြစ်ပေါ်လာသော
အမှတ်ရဖွယ်များဖြစ်သောကြောင့် ကိုးကွယ်ရာမဟုတ်သည့်
'အချစ်' မတိုင်မီ မဟုတ်သေးသဖြင့်
ပူလောင်လွန်းစေခြင်းမဟုတ်၊ အေးမြခြင်းမဟုတ်သော်လည်း
'အရှိုက်သို့' စူးရှစေလွန်းသော သီချင်းများအား 'တွဲဖော်' ဖြစ်စေခြင်းငှာ
အစွန်းတစ်ဘက်သို့ဦးတည်စေခြင်းအဖြစ်
စွမ်းဆောင်မှုတစ်ရပ်ကဲ့သို့တည်နေခဲ့လေရာ
သူမ၏ စကားသံများကိုရင်ဘက်ဖြင့်နားထောင်ကြည့်ခဲ့ရာ၌
စည်း၊၀ါး မညီခဲ့သောကြောင့် ကြားရုံ၊ သိရုံမျှသာဖြစ်သော်လည်း
စွန့်ပစ်စရာအဖြစ် မဟုတ်သေးကြောင်း
'ကာလ' တစ်ခုအတောအတွင်းသိခွင့်ရခဲ့သည်..။


Category: ကဗျာ | Views: 555 | Added by: NAYMYOHTET | Date: 2009-10-29 | Comments (3)

စိတ်နဲ့ရင်းသော မှတ်တမ်း
(၁)
အိမ်ကိုပြန် ထမင်းကမကျန်
အဖေကထိုး သွားတစ်ချောင်းကျိုး
အမေလည်းဆူ သွေးလည်းပူ
လမ်းထဲက ခွေးတွေလည်း
အူနေသေးတယ်...
နေကပူလောင်လောင်
လူကအူကြောင်ကြောင်
တစ်ကောင်တည်း
မှောင်မဲတဲ့အခန်းထဲပြန်ရောက်တော့
တံခါးတွေပိတ်လိုက်တော့တယ်
ကဲ...ညရောက်ပြီ။
(အခွင့်မရှိမ၀င်ရ)

(၂)
အခန်းထဲကနေ ပမ်းခဲ့သမျှတွေပြေစေဖို့
ထူးအိမ်သင် သီချင်းတစ်ပုဒ်ဖွင့်ထားလိုက်တယ်
မောင်စွမ်းရည် ကဗျာတစ်ပုဒ်ကောက်အဖတ်
'ဂျိန်းစ်ဘွန်းထီးအောက် အရည်းကြီး
ဇီးသီးပျောက်တယ်' ဆိုပါလား...
သိပ်ကြိုက်တယ်...ပြီးတော့
အိပ်ငိုက်တယ်...။

(၃)
ကျဉ်းမြောင်းမြောင်းအခန်းလေးထဲက ငါ..
ထွက်ပေါက်က တစ်ခုထဲ
ဝင်ပေါက်လည်း တစ်ခုထဲ
အခန်းလေးရဲ့   အာကာသမှာ
ကြယ်တွေမရှိဘူး
လမင်းမရှိဘူး
အလင်းရောင်မရှိဘူး
မညီညာတဲ့ ၀ိုင်းဝိုင်းအကွင်းတွေက
နေရာယူထားကြတယ်လေ...
သုညတွေလား ၊ ၀လုံးတွေလားဆိုတာ
ငါ...စိတ်မ၀င်စားပါဘူး
ဒိုင်ယာရီထဲက
ပုလဲနဲ့ရွဲ တွေကိုရေတွက်နေတုန်းပဲ...
ဒါပေမယ့်
တွေးရုံလေးပဲ တွေးနေမိတယ်...

(၄)
နံရံကိုလက်သီးနဲ့ထိုးဖို့မစဉ်းစားဖူးဘူး
ဒါပေမယ့်
စက္ကူပန်းကိုတော့ ရေမွှေးဖျန်းဖူးတယ်
မိုက်မဲခြင်းလား??
အရှင်းဆုံးပုံစံတစ်ခု
မမြင်နိုင်တဲ့ အရာတွေကပိုစွမ်းလေသတဲ့...။

(၅)
လောကကြီးတစ်ခုလုံးကိုပြောင်းလဲပစ်ဖို့
အစွမ်းအစမရှိသလို
စိတ်ကူးလည်းမယဉ်ဖူးပေမယ့်
ထာဝရမဟုတ်ရင်တောင်
တဒင်္ဂများစွာမှာ မပြောင်းလဲတဲ့
ပုံစံတစ်ခုကို တောင့်တနေမိတယ်...
ဒါပေမယ့်
စကားလုံးတွေအုပ်စိုးထားတဲ့ လောကကြီးရဲ့
ပီယ၀ါစာတွေကို ကြောက်လို့
ပျားရည်လောင်းထားတဲ့
ကြိုးတွေကိုအရင်ဖယ်ထားပေးစေချင်တယ်။

(၆)
စဉ်းစားမိတယ်
ကမ္ဘာဦးယဉ်ကျေးမှုတွေ ထွန်းကားလာတော့
ချစ်သွားစေတယ်တဲ့
တန်ဖိုးဖြတ်လိုက်တယ်တဲ့
ပျော်ရွှင်စေတယ်တဲ့
သည်းခံစေတယ်တဲ့
ရက်စက်တတ်တယ်တဲ့
................
(စက္ကူပေတံကြီးရဲ့  ဂုဏ်သတ္တိ)

(၇)
မိုက်ကယ်ဘော်တန် ကိုကြိုက်လား
တွံတေးသိန်းတန် ကိုကြိုက်လား
မိုက်ကယ်ဂျက်ဆင် ကိုကြိုက်လား
ဟင်္သာတထွန်းရင် ကိုကြိုက်လား
ရော့စတီးဝါ့ ကိုကြိုက်လား
ဇော်ဝင်းထွဋ် ကိုကြိုက်လား
တကယ်ပြောရမလား
လိမ်ပြောရမလား
တကယ်ပြောမယ် တကယ်ပါ
ဘာဆိုဘာမှ မတတ်နိုင်ခဲ့ဘူး...
ကျွန်တော်လေ...
တစ်ကမ္ဘာလုံးက လူတွေတိုင်းကို
ကြိုက်နှစ်သက်၊ ကျေနပ်အောင်လည်း
မတတ်နိုင်ဘူး...။



Category: ကဗျာ | Views: 508 | Added by: NAYMYOHTET | Date: 2009-10-20 | Comments (1)

ခွက်ထဲက ဒဿန

' ချွင် ' ကနဲခွက်နှစ်ခုတိုက်မိစဉ်
ပျော်စရာတချို့   စားပွဲပေါ်လျှံကျ
အမြှုပ်တစီစီထလို့...
လက်ကျန် ဒဿနတချို့  ကို
အားရပါးရမော့ချလိုက်ကြတယ်။

သူ့တို့ဘက်ကကြည့်တော့ သူတို့မှန်တယ်
ငါ့ဘက်ကကြည့်တော့ ငါမှန်တယ်
ဆိုတော့... သူတို့ရော..ငါရော...
မှန်နေကြတယ်...ဒါကြောင့်
အဲဒီကစ မှားခဲ့တယ်။

ပန်းကန်ထဲက ဂဏန်းပေါင်းတွေ
သူတို့တမြုံ့  မြုံ့  ၀ါးနေကြရင်း
မညီမျှခြင်း တွေများစွာကို
ရွတ်ဖတ်ခြင်းအမှု ပြုကြတယ်...။

ဌာန်ကရိုဏ်း မကျတဲ့သုညတွေ
မရောက်ဖူးတဲ့ ခရီးတွေ
မမှန်သေးတဲ့ အမှားတွေ
မမှားသေးတဲ့ အမှန်တွေအတွက်
အမှားနဲ့အမှန်
နှစ်ဆတစ်ဆ စပ်ရောထားတဲ့
ခပ်ပြင်းပြင်းတစ်ခွက်
ငါ သောက်ချလိုက်တော့တယ်...။

ဟေ့ ဒီမှာ..ကျွန်တော်၊ ငါ
အားလုံးကို လေးစားပါတယ်...
အချစ်အကြောင်းကလွဲရင်
အကုန်ပြောပြမယ်...။

လောကကြီး တစ်နေ့ထက်တစ်နေ့
ညှီစော်နံလာတော့
ခြောက်ကပ်ကပ် လမ်းဘေးတစ်လျှောက်
မီးလုံးတချို့  ကွဲနေတုန်းပဲ
ပန်းတချို့  ကြွေနေတုန်းပဲ
လမ်းတွေကလည်း မညီမညာနဲ့
လေမတိုက်တဲ့ နေ့တွေမှာလည်း
အိုက်စပ်စပ်ဖြစ်နေတတ်တယ်...။

ဟေ့..ဒီမှာ..ကျွန်တော်၊ ငါ
အားလုံးကို ...
မိုးတွေတိတ်သွားတဲ့နေ့ကျရင်
ကဗျာတစ်ပုဒ်ထပ်ရေးအုံးမယ်...။

Category: ကဗျာ | Views: 594 | Added by: NAYMYOHTET | Date: 2009-10-04 | Comments (1)


တစ် 'ပွင့်' ပန်းသို့

ဒီလွင့်ပြီးဟိုရောက်တဲ့မြောက်ပြန် 'အတွေး' လှတွေကြောင့်၊
ဆောင်းဝင်တစ်အိပ်မက် ဂယောက်ဂယက်ဖြစ်နေဆဲ...။
ဦးဦးဖြားဖြား 'ပွင့်' ခဲ့တဲ့ရင်ခတ်ပန်းဦးတစ်ပွင့်၊
နှင်းရည်ခြုံသိုင်း လန်းဆန်းချမ်းမြနေစေ...။
နဲ့နေတဲ့ အမေ့ခံနှလုံးသားတစ်ခုအပေါ် အမြစ်တွယ်၊ ရစ်နွယ်တဲ့ပင်၊
'ပွင့်' လို့မွှေးပြီး၊ မွှေးသလောက်လှတဲ့ငါ့အုံပုန်းငယ်...၊
အဆင်းစုံပြီမို့ စွတ်ပျံ့  သင်းစေ...။
တူရိယာတစ်ခု ငါကျူးဧတဲ့တဒင်္ဂ၊
ယှဉ်ဖက်ရယ် မျက်ရည်စက်တွေ၊
တွေ့ပါလိမ့် ဟိုတစ်စ၊ ဒီတစ်စ...။
ပါတော်မူပြီထင့်၊ ချိန်တော်ကြာ ယွန်းခဲ့တဲ့ရပ်ဒေသ၊
ရထားမရောက်၊ ကားမရောက်တာရယ်မို့၊
စေလိုရာသာစေပါတော့ ပန်းနွယ်...။


Category: ကဗျာ | Views: 682 | Added by: NAYMYOHTET | Date: 2009-09-29 | Comments (0)



"A WAY TO GET A COPY OF REALITY"

They say the sea is blue.
No way! It ain't be truth.
Just a reflection of the sky.

They say 'its thy tears'.
It ain't my tears anymore.
Just an imitative flow of my sorrows
From the deep wound of my heart..!

They say 'there's thou in the mirror'.
It ain't me anymore.
Just a virtual image of mine..!

They say 'what a nice picture..!'
Maybe...!
Cos it's but an imitation of nature.

They say it's called Song..!
Just like a replica,
A copy of emotion
Created by experiences.

They say it's called Art..!
Owing to their treasured realities__
Copy and name them__
Self-expression.

There's no likeness
Of every better thing,
However, except
Some of the best things.

Now I'm smillin' alone...!
Everybody sees me.
Then they smile back at me.
Thus, I've got a way to get a copy of reality.

 

Category: ကဗျာ | Views: 618 | Added by: NAYMYOHTET | Date: 2009-09-20 | Comments (0)

ငုဝါပင်အပေါ်မှ ငှက်များ

နွေ၊ မိုးရယ်ဆောင်း
ဥတုရယ်ပြောင်းပေမယ့်
ချိန်တစ်ခါ နားခိုရာတဒင်္ဂ
အေးရိပ်ငြိမ် ပင်ငုဝါပေါ်
ပျံသင်စ ငှက်ငယ်တစ်အုပ်
ဝင်းဝါ၀ါ ပန်းငုဝါများကြား
မြူးတူးလို့ရွှင်ပျော်
စည်းလုံးခြင်း သီချင်းတွေဆိုညည်းခဲ့ကြတယ်...။

ကာလတန်ကြာ ငှက်ငယ်တချို့  
အတောင်ရယ်စုံလေတော့
တစ်ကောင်မှစ သုံးကောင်လေးကောင်
ဒီပင်ငုဝါ နားခိုရာမှ
စတင်ထွက်ခွါ အိပ်တန်းအသစ်ပြောင်းခဲ့ကြတယ်...။

ကြည့်လိုက်စမ်းပ
ခုများတော့ အထီးကျန်ငုဝါ
ချိုတေးသီဆို ငှက်ကျေးညိုတို့
ဝေးလွင့် နတ္ထိ တေးမရှိ ရွက်နုမရှိ ညနေမရှိ...။

နောက်၊ မြောက်၊ တောင်၊ ရှေ့
ဒီပါလေးရပ် ပျံခဲ့ကြလည်း
ဒီညနေစောင်း ကံကြောင်းဖန်ခဲ့သော်
ရင်မှာစွဲမြဲ မှတ်ထားဆဲ
ချိုတေးဆို ငှက်ကျေးညိုတချို့
အိပ်တန်းတူရင် ပြန်ဆုံကြလိမ့်မယ်...။

အဝေးရောက်သူငယ်ချင်းများသို့...
Category: ကဗျာ | Views: 821 | Added by: NAYMYOHTET | Date: 2009-09-15 | Comments (1)

« 1 2 3 4 »
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ















လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။