ကားမှတ်တိုင် ရဲ့ ရင်ဖွင့်စကား
အချို့ တွေက ငါ့ဆီဝတ္တရားအရရောက်လာကြတယ်။
အချို့ တွေက ငါ့ဆီကို အနီးဆုံးဖြစ်လို့လာကြတယ်။
အချို့ တွေက ငါ့ဆီလာပြီး အခြားသူတွေကိုစောင့်ကြတယ်။
အချို့ တွေက ငါ့ဆီမှာ မိုးဝင်ခိုကြတယ်။
အချို့ တွေက ငါ့ခုံပေါ်မှာထိုင်ပြီး ငါ့ထိုင်ခုံကိုဖျက်ဆီးခဲ့ကြတယ်။
အချို့ တွေက ငါ့ဆီမှာ ကြော်ငြာတွေလာကပ်ကြတယ်။
အချို့ တွေက ငါ့ဆီမှာ မူးပြီးအန်သွားကြတယ်။
အချို့ တွေက ငါ့တိုင်တွေကို ကွမ်းတံတွေးနဲ့ထွေးသွားကြတယ်။
အချို့ တွေက ငါ့ဆီမှာ လာပြီးစီးပွားရေးလုပ်ကြတယ်။
အချို့ ကလေးတွေကို ငါ့ရင်ခွင်ထဲမှာ ညအိပ်စေတယ်။
အချို့ အချစ်ဇာတ်လမ်းတွေထဲမှာ ငါလည်းပါတယ်။
အချို့ တွေက ငါ့ကိုသီချင်းတွေ၊ ၀တ္ထုတွေထဲမှာ ထည့်ရေးကြတယ်။
အချို့ တွေအတွက် ငါဟာ ဇရပ်လည်းဖြစ်သလို အိမ်လည်းဖြစ်တယ်။
အားလုံးအတွက် ငါဟာထွက်ခွါရာ စုရပ်ဖြစ်တယ်။
အားလုံးက ငါကိုသူတို့လိုရာ သုံးကြတယ်။
အားလုံးက ဖြစ်နိုင်ရင် ငါ့ဆီကိုတောင်မလာချင်ကြဘူး။
အားလုံးက ငါ့ကိုထားခဲ့ဖို့ ငါ့ဆီရောက်လာကြတယ်။
အားလုံးက ငါ့ဆီကို ရောက်ပြီးရင် အမြန်ဆုံးထွက်ခွါဖို့ကြိုးစားကြတယ်။
အားလုံးအတွက် ငါဟာပန်းတိုင်မဟုတ်လို့...၊ မှတ်တိုင်သာဖြစ်တယ်။