Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [32]
ဝတ္ထုတို [0]
ဓါတ်ပုံမှတ်တမ်း [0]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share

ဝိဘဇ္ဇ
(ပုဂ္ဂလိက ယုံကြည်မှုသည်
ထမင်းဝခြင်း မ၀ခြင်းနှင့်
လုံးဝ မသက်ဆိုင်ပါ။

ထို့ကြောင့်
သံတမန်သဘောမျှသာ
လက်ဖက်သုပ် စားခဲ့ခြင်းဖြစ်သည်။)

နားလည်ရအတော်ခက်ချေပြီ
(နားလည်လွန်းရင် ပါးရိုက်ခံရလိမ့်မည်)

ရေတို ဖြစ်ဖြစ်
ရေရှည် ဖြစ်ဖြစ်ပေါ့
' ရေ ' ရှိတဲ့နေရာတိုင်းမှာ
အသက်ရှင်နိုင်ဖို့
ကျုပ်နဲ့ မနက်စာအတူ စားရင်း
ဆွေးနွေးရအောင်...။

ဘကုန်း နဲ့ ၀လုံးကြား အစာသွပ်ဖို့
လေထန်ကုန်းရဲ့  အပြန်လမ်းမှာ
တိမ်တိုက်တွေကြားက
နေကြာတစ်ပွင့် ခူးခဲ့တယ်
ကျုပ်ဟာ ဈေးကွက်ပျောက်နေတဲ့
နေကြာ အ၀ါတစ်ပွင့်ပေါ့...။

မနက်ဖြန်
ကျုပ်ကို တွေ့ရင်ပြောပေးပါ
ခင်ဗျား နဲ့ မိတ်ဆက်ပေးချင်လို့
မနေ့က ကျုပ်ကတော့
နာဖျားနေဆဲ...။

နွေဦးလေရူးတွေအကြောင်းသိချင်ရင်
နှင်းကျတဲ့မနက်ခင်းတိုင်းမှာ
ကျုပ်ကို လာမရှာပါနဲ့
Tchaikovsky ရဲ့
Symphony No.7 နဲ့အတူ
လမသာတဲ့ညထက်ဝက်ခန့်တိုင်း
အနက်ရောင်ခြယ် အိပ်မက်တွေကိုဖြန့်ခင်းပြီး
လေညှင်းတွေကြား ကြယ်တွေနဲ့ခဏတာရှိနေကောင်းမယ်ထင်ရဲ့  ...။



Category: ကဗျာ | Views: 855 | Added by: NAYMYOHTET | Date: 2011-03-09 | Comments (2)


ဘောင်အပြင်၌ နေထိုင်ခြင်း


အိမ်အပြင်မှာ ကြယ်တွေစုံလို့
လေးထောင့်အခန်းငယ်မှာ
နှစ်လိုဖွယ် ဂီတ...
အိမ်အပြင်မှာ ဂီတမရှိသလို
အခန်းငယ်မှာလဲ ကြယ်တွေမရှိဘူး
တစ်ခုခုတော့ ထားခဲ့ပါ...။

ခရီးဆက်လေရင်း...
ငါနဲ့ငါ...
ဒွိဟမဖြစ်စေချင်(နေချင်)...။

ခရီးဆောင် ကြောက်စရာတွေနဲ့
လျှောက်လိုက် ပျောက်လိုက်
တောနက်ထဲက ရှာနေတဲ့ ငြိမ်းချမ်းမှု...။

ပြေးလိုက ပြေးနိုင်၏...
ရွေးလိုက ရွေးနိုင်၏...
နေမြဲလေးအတိုင်း...
အသွတ်သွင်းခံ ဘောင်ထဲက...
ရှိရင်းစွဲတွေကို သိရင်းလွဲနေတဲ့
လှောင်အိမ်ချစ် သားရဲအဖြစ်
မြေပြိုရင်တောင် ကြတ်သီးမထအောင်
တိမ်းချော်နေတဲ့
ဘိန်း ညော်တွေကြား...
ဝိုးတ၀ါးနဲ့ တိုးပွားလာတဲ့
ကာမ။

ငြင်းလိုက ငြင်းပါ...
လွတ်လပ်မှုရဲ့  အဖိုးအနဂ္ဂ...
အပြုသဘောနဲ့ တစ်ခုပြောမယ်
အသက်ရှင်နေထိုင်နိုင်ဖို့ စဉ်းစားရန်...။

တစ်ခုပဲ အခုပဲ
ပြော...ကြည့်ပါလေ
တို့လူသားတွေအတွက်
စိတ်ကူးယဉ်ဆန်ဆန်
လွမ်းမိုးမှုတွေ ကင်းစင်တဲ့
သစ္စာ...။



Category: ကဗျာ | Views: 816 | Added by: NAYMYOHTET | Date: 2011-01-21 | Comments (0)

 
မှိုတက်ခြင်း ည/မနက်များ

လက်ကြားထဲက ဆေးလိပ်တို
ညဉ့်နက်ကြီး လေလံဆွဲသွားတုန်း
ခပ်ပျော့ပျော့လေညှင်းက လမင်းနဲ့ပေါင်းပြီး
ငါ့ကို ဈေးကစားခဲ့တာလေ

ပဲ့နေတဲ့ညတာတွေ
(ငါမဟုတ်တဲ့) အရုဏ်
မိုးမလင်းခင် တစ်စက္ကန့်ကို
အိပ်မက် မက်ကြည့်နေတယ်

မလွဲချင်လို့ ဆွဲတင်ထားတဲ့စိတ်ဓါတ်
ဗီဇပါတာကြောင့် ပီယ၀ါစာတွေလဲအသုံးမတည့်
မမြဲချင်လို့ ဖဲကျဉ်ခဲ့တာတွေက
မှိုတက်ငရုပ်သီးကို ယိုထိုးထားသလို
ပိဏ္ဍပါတ်လိုက်နေတဲ့ ဘ၀တွေက
ပက်လက် ဘိုင်ကျနေတဲ့နေ့တွေထဲ
လွတ်မြောက်ရက်ကို သောင်းသောင်းဖြဖြကြိုဆိုလျက်ရှိပါကြောင်း

ပယင်းရောင် ပင်လယ်ထဲရွက်လွင့်တုန်း
ခက်ခက်ခဲခဲတည်ဆောက်ခဲ့တဲ့ အိပ်မက်တချို့
လှိုင်းမူးနေခဲ့
အချိန်ဘယ်လောက်ရှိပြီလဲ?
မနက်ဖြန်ဘာနေ့လဲ?

ခေါက်ရိုးကျိုးနေတဲ့ ညနေစောင်း မြို့  ပြက
ထုံးစံအတိုင်း မီးခိုးအူလွန်းတဲ့ ယာဉ်တချို့ ကို
လမ်းဟောင်းကြီးထဲ မောင်းသွင်းနေတုန်း
နားအူနေတဲ့ စင်တင်ဆိုင်
ဆင်ဆာမဲ့ သီးသန့်အချိန်များနဲ့
အနမ်းတစ်ပွင့်ဟာ ကန့်လန့်ကာနောက်မှာ ဒေါ်လာဈေးတွေနိမ့်နေခဲ့
သီချင်းဟောင်းကြီး ချွေးတပြိုက်ပြိုက်ကျနေပါတယ်

နုပျိုဆဲ ညတွေဟာ
အမှောင်ဝင်ဖို့ အစစ အရာရာ ပြင်ဆင်ရင်း
မနက်ခင်းအထိ ခရီးဆက်လျက်...။
Category: ကဗျာ | Views: 853 | Added by: NAYMYOHTET | Date: 2010-11-20 | Comments (1)



အ၀ိုင်းများ၌ အလျားလိုက်မျောပါခြင်း


ဒီဘက်ကမ်းမှာ ဟီးရိုး
ဟိုဘက်ကမ်းမှာ ချီးအိုး
အဲ့ဒီတော့ ဘာပြောချင်တာတုန်း။

ငယ်ငယ်ကတည်းက
ကိုယ့်ပေတံနဲ့ကိုယ် မျဉ်းတွေဆွဲလာခဲ့ကြတာ
မျဉ်းဖြောင့်တစ်ကြောင်းရဲ့  ကွေ့ကောက်မှုတွေအကြောင်း
ဖြောင့်ချက်တွေ လာမပေးနဲ့အုံး
ခဏ......ခဏ......ပြီးရင်ပြော...
အရင် သက်သေပြ...သက်သေပြ...သတ်ပြီးသေပြ...
ရော်...ခက်ပြီ
ငါ့ကို ခေါင်းစဉ်တွေအောက်ဆွဲမထည့်နဲ့နော်
ကြယ်ခတဲ့ညတွေမှာ လမသာသလို ဖြစ်သွားလိမ့်မယ်
အဲဒါထား...
ပြဋ္ဌာန်းစာအုပ်တွေကလဲ ဟောင်းနေပြီလေကွာ
လေယာဉ်တွေတောင် နောက်ပြန် ပျံနေကြပြီဆိုလား
ခေတ်မီသူတိုင်း ဆေးရုံတက်နေကြပြီ
(၁၉၈၈) တုန်းက မင်းဂျီးတော် ရဲ့   ဘိုးအေ
ပန်းနာရင်ကြပ်တာကို Debate လုပ်ဖို့ပြောနေတာမဟုတ်ဘူး...
အခု မင်းဘာပေတံသုံးနေတာလဲ...မေးတာပဲဖြေ
ခဏခဏ...မဖြေနဲ့အုံး
ဒီဂရီနဲနဲ ထပ်တင်...
ငါ့ကို ပြန်မေး...ဘာမေးရမလဲလို့ ငါ့ကိုမေး...
စာအုပ်တွေနဲ့ ပစ်မပေါက်ခင်မေး
မယုံပါဘူးဆို...ဘာကိုသက်သေပြဖို့ကြိုးစားနေတာလဲ...
မုတ်သုံက ကုန်နေပြီ
ရန်ကုန်မှာ မိုးတွေကောင်းနေတုန်းပဲ
အဲဒါပဲကြည့်
ပြဿနာပဲ... ပြဿနာလား...
ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့ခေတ်မှာ
ဒီနေ့လုပ်ရင်...ဒီနေ့ရမယ်...နောင်တ
မဖြေနဲ့တော့ သိပြီ
"သတိမမူ ဂူမမြင်....သတိမူတော့ မြူမမြင်"
ဘာပဲပြောပြော သင့်ကြောင့်မီးမလောင်ပါစေနဲ့
လာမည့်ဘေး ပြေးတွေ့နိုင်ဖို့ လောလောဆယ်
မိုးခါးတွေအားရပါးရမော့ချထားလိုက်တော့...။



Category: ကဗျာ | Views: 748 | Added by: NAYMYOHTET | Date: 2010-10-17 | Comments (0)


စားသုံးခြင်း


မောနင်း...
စတင်နှုတ်ဆက်လိုက်တော့
ငါ့ပဲ့တင်သံငါပြန်ကြားရ
မျက်မှောင်ကြုတ်၊ လက်ထောင်ပြ
အစွယ်တဖြဲဖြဲနဲ့ အပြုံးတစ်ခု
လက်ဆောင်အဖြစ်ရခဲ့တယ်...။

အဆိုပါပညာရှိများပြောသော
ကလေးစကားများကို
ထိုကလေးများက ပညာပါပါ
ငြိမ်သက်လျက်...။

အားပြည့်နေတဲ့ စက်ရုပ်တစ်ရုပ်ဟာ
လက်ကိုဆန့် ၊ အားရပါးရညွှန်ပြလိုက်တော့
အရပ်ဟာ ၁၆မျက်နှာဖြစ်ခဲ့ရရှာတယ်...။

အစစ်များ တူးဖော်စဉ်
အမှန်များရဲ့   ပြန်လည်တူးဖော်မှုကြောင့်
၎င်းတို့နဲ့ ကျွနိုပ်ကြား ဗျာများနေရတုန်း...။

ဆာလောင်နေတဲ့ လက်တစ်စုံဟာ
အသားတစ်တုံးကို ကောက်ကိုင်စဉ်
အသားတစ်တုံးဟာ ပါးစပ်ပေါက်တစ်ခုဖြစ်၊
ဝိုင်နီနီတွေလောင်းထည့်လိုက်တယ်
ပြီးတော့ "ငါ့မှာ လျှာမရှိဘူး..." ဆိုပဲ။

လမ်းဟောင်းလေးအတိုင်းပဲ
ဝင်လာလိုက်တယ်
ဝင် ၀င်ချင်းပဲ လမ်းတွေခွဲဖြာသွားတယ်
လက်ပတ်နာရီ ဟာ ရုတ်တရက် ထိုးရပ်သွား
ပြီးတော့ ငါ့ရဲ့  ခေါင်းဟာ ချောင်လွန်းလို့
ပြုတ်ထွက်သွားတယ်
အဲဒီနောက် လမ်းတွေက လမ်းတွေမဟုတ်တော့ဘူးတဲ့
၂၁ရာစု ဘီလူးများရဲ့ 
အန်ဖက် စီးကြောင်းများ...။




Category: ကဗျာ | Views: 815 | Added by: NAYMYOHTET | Date: 2010-10-12 | Comments (1)

ကဗျာ

ဗျာကဗျာကဗျာကဗျာ
ဗျာဗျာကက ကကဗျာ က
ကကကဗျာ ဗျာကက
ဗျာကက ဗျာကဗျာဗျာ
ကကကဗျာဗျာဗျာ
ဗျာဗျာဗျာက ကဗျာဗျာ
ကဗျာ..။


Category: ကဗျာ | Views: 986 | Added by: NAYMYOHTET | Date: 2010-10-11 | Comments (1)


၁၇ နှစ်မလေးသို့


ဂျာမန်တံတိုင်းဖြို
တိမ်တွေငို
နှစ်၂၀စာ ပျော်ခဲ့ကြတယ်...
အဲဒီညက
Jazz Music ကြား
ငါဘေးနား
မင်းရှိရင် သိပ်ကောင်းမှာပဲ
ကိုယ်ပိုင်ဂီတ ငါ့ညီမငယ်...။



Category: ကဗျာ | Views: 784 | Added by: NAYMYOHTET | Date: 2010-10-10 | Comments (1)

ဒါက ဒီလို

ဘယ်သူတွေက  ငါ့ကို
ဘယ်အချိန်တုန်းက
ဘာတွေလာပြောလို့
ဘယ်လိုဖြစ်ခဲ့ရလဲဆိုတာ
ဘာကြောင့် ဘယ်သူ့ကို
ဘယ်လိုပြန်ပြောရင်ကောင်းမလဲလို့
ဘယ်တုန်းကမှ မစဉ်းစားမိဘူး...။

ဘာကြောင့်လဲ ဆိုတာတော့ ဘယ်သိမလဲ...
မသိတာတွေက မသိတာတွေဖြစ်တွေလို့
သိတာတွေက မသိတာတွေဖြစ်နေရတာ...။

ရှုပ်နေတာတွေ ရှင်းချင်လို့
ရှင်းသလိုဖြစ်နေတာတွေကို
အရင်ရှုပ်နေရပြန်တော့...
အရှုပ်တွေ နေရာမှန်ပြန်ရောက်တဲ့အခါ
အားလုံး ရှင်းသွားပါလိမ့်မယ်...။


Category: ကဗျာ | Views: 830 | Added by: NAYMYOHTET | Date: 2010-10-02 | Comments (0)


အစိမ်းရောင်ပေတံများ


အစိမ်းရောင် ပေတံများ
လောကရဲ့  အချင်းဝက်ကိုတိုင်းတာစဉ်
မှိုနံ့တွေရ
လက်တင် မြူးဇစ်တွေ ကြားရ
ချာချာတွေ က
ဘာသာစကားအမျိုးမျိုး နားလည်ရ
မွန်းလိုက်ဆိုနာတာကို ခံစားရ
ယူနစ်တွေကို နားလည်ရ
မုဆိုးဖြစ်လိုက်
ရေဖြစ်လိုက်
ငါးဖြစ်လိုက်
ရထားဖြစ်လိုက်
ပုံရိပ်ယောင်တွေကိုတောင် ဖမ်းယူသိမ်းဆည်းခွင့်ရတယ်။

ဒါပေမယ့်
ဟီရိုရှီးမား ကိုမေ့
ဒုတိယကမ္ဘာစစ် ကိုမေ့
ရလေးတစ်(ဗ်) သီအိုရီကိုမေ့
ပိုက်သာဂိုရပ်ကို မေ့
ဖက်ကြမ်းကိုမေ့
လက်ဖက်ရည်ကိုမေ့
ဝီစကီကိုမေ့
ဘုရားသခင်ကို မေ့
သိုးထိန်းတွေကို မေ့
မာ့က်စ်ဝါဒကို မေ့
ဖြစ်တည်မှုပဓါန၀ါဒကို မေ့
လူသားပဓါန၀ါဒ ကိုမေ့
ကံ ကံ၏အကျိုးကို မေ့
အားလူးစားသူတွေကို မေ့
ရေဆာတဲ့နေ့တွေကို မေ့
မနက်စာကို မေ့
အမဲရောင်ခေတ်ကြီးထဲ
နာရီတွေတောင် ပျော့ခွေကုန်ပြီ...။

ဘာပဲဖြစ်ဖြစ်ပါ
လူ့င်္သချိုင်း ဂိတ်ဝတွေကို
ပိတ်စေနိုင်စွမ်း အပြည့်အ၀နဲ့...
ဒီတော့...
တကမ္ဘာလုံးကို လွှမ်းမိုးဖို့
အစိမ်းရောင်ပေတံတွေနဲ့
ပျားရည်စမ်းထားတဲ့ စကားလုံးတွေပဲ လိုအပ်တော့တယ်...။






Category: ကဗျာ | Views: 819 | Added by: NAYMYOHTET | Date: 2010-10-02 | Comments (0)


ပျော့ကွက်

တစ်ချိန်ကပေါ့ နေမင်းဟာ
အပြာရောင်သမ်းနေတဲ့ ကွန်ချာမဲ့
ဆေးဘက်ဝင်အိမ်မက်တွေ ပျို့အန်ခဲ့ပေမယ့်
အီစွတ်ပုံပြင်တစ်ပုဒ်လောက်တောင်
စိတ်ဝင်စားစရာမကောင်းခဲ့ဘူးလေ။

ဒါပုံပြင်မှမဟုတ်တာပဲ
သူ၊ ကျွန်တော် အားလုံးသိတယ်
သူ၊ ကျွန်တော် အားလုံးတွေ့တယ်
အဲဒါ အစစ်တွေပါလို့ အော်ရောင်းရမယ့်
လမ်းဘေးကျောက်မြတ်တွေမှ မဟုတ်ဘဲ...
၁၀၀ ဖိုး ၅ လိပ်ရတဲ့စိမ်းဖန့်ဖန့်
ဆေးပေါ့လိပ်တွေမှ မဟုတ်ဘဲ...
ဇာတ်လမ်းကြားဖြတ်တဲ့
တီဗီကြော်ငြာတွေမှ မဟုတ်ဘဲ...
အရိပ်ပြလို့ အကောင်မမြင်ခဲ့တာ
အရိပ်ရဲ့  အပြစ်ပဲထား
ဒါဆို...
နိုးစက်နာရီမှာ အပြစ်ရှိတယ်
နွေးဦးလေရူးတွေမှာ အပြစ်ရှိတယ်
ဂရေဟန်ဘဲ(လ်) မှာအပြစ်ရှိတယ်
ထီးတစ်ချောင်းမှာ အပြစ်ရှိတယ်
မှတ်စုစာအုပ်မှာ အပြစ်ရှိတယ်
လမ်းမတွေမှာ အပြစ်ရှိတယ်
မှန်တစ်ချပ်မှာ အပြစ်ရှိတယ်
သီချင်းတွေမှာ အပြစ်ရှိတယ်
ဘက်စ်ကားနံပါတ်( ) မှာအပြစ်ရှိတယ်
အသံပျိုတဲ့ ဂစ်တာအိုမှာအပြစ်ရှိတယ်
အချစ် တစ်ခုဟာ အပြစ် တစ်ခုဖြစ်မယ်ဆိုရင်
ဒီမယ် ကလေးမ...
အဲဒီအပြစ်တွေအားလုံးမင်းမှာရှိတယ်။

'ဘာဖြစ်ဖြစ်...ဘယ်လိုဖြစ်ဖြစ်ပေါ့...'
အစွန်းရောက်ခံယူချက်တွေလေ
တစ်စက်ချင်း...တစ်စက်ချင်း
ခေါင်းထဲကနေ ထူးထူးဆန်းဆန်း
နှလုံးသားထဲအထိစီးဝင်လာခဲ့
မိုးလည်းမမြင် လေလည်းမမြင်
အဲဒီနှစ်တွေတုန်းက နှမ်းထွက်စာရင်း
ပျောက်နေခဲ့ပေါ့။

ထိုင်ခွင့်မရတဲ့ခုံလွတ်တွေရယ်...
ပျံသန်းရာလမ်းကြောင်းပြောင်းခဲ့တဲ့
ညနေစောင်းခိုပြာတွေရယ်...
တုန်ရီနေတဲ့
ငါ့ 'အချစ်' ဒဿနမဲမဲတွေရယ်...
ဖြစ်ခဲ့တဲ့ သဘောတူညီမှုပဋိပက္ခ။

ခုများတော့လား
နာရီနဲ့ ပြက္ခဒိန်ကိုပစ်ပယ်
ဟိုတစ်ချိန် အိမ်အပြန်လမ်းက
ငါ့အပြုံးတွေ ဘယ်မလဲ??
ငါတောင်မသိတာ
မင်းဆို...။

ဟောဒီမှာ
မင်းအတွက်ဆိုပြီး
မင်းမသိတဲ့နေရာ
မင်းမသိတဲ့အချိန်မှာ
မင်းမကြိုက်မယ့်
ဒီကဗျာ...
ငါရေးထားလိုက်တယ်
မင်းနားလည်တဲ့နေ့ကျရင်
ဒီကဗျာကိုဆက်ရေးတော့။    ။



Category: ကဗျာ | Views: 981 | Added by: NAYMYOHTET | Date: 2009-11-24 | Comments (3)

1 2 3 4 »
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ















လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။